(၆/၂၀၂၅) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ နံနက် ၀၉ : ၀၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင်ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍ တွင် ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၆)ခု နှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂)ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးနှင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်‌ ဒေါ်လာ ၇.၇၉၁ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၆,၇၇၃ ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် အစည်းအဝေးတွင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၀) ခု ၏ တင်ပြချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ