(၁၁/၂၀၂၄) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၄) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ : ၃၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှု ကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈)ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ရာခိုင်နှုန်းပြည့် ရောင်းချမည့် ဆောက်လုပ်‌ရေးလုပ်ငန်းသုံး ပစ္စည်းများ (NS Grout, AquaCem 100, PatchEase, Gripmate Silver, Putty, Floor Hardener) ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Wool Fiber & Yarn ထုတ်လုပ် ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဆံပင်တု အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း ၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ၊ စက္ကူတံဆိပ်ရိုက်ခြင်း ဝန်ဆောင်မှုလုပ်ငန်း နှင့် ပြည်တွင်း၌ ရာခိုင်နှုန်းပြည့် ရောင်းချမည့် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသော ပလတ်စတစ်အိတ် အမျိုးမျိုး ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းတို့ ဖြစ်ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၁,၅၀၀ သန်း (ကျပ် တစ်ထောင့်ငါးရာသန်း)နှင့် အမေရိကန်‌ ဒေါ်လာ ၇.၆၉၀ သန်း (အမေရိကန်‌ဒေါ်လာ ခုနစ် ဒဿမ ခြောက်ကိုးသုညသန်း) ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၅,၂၅၅) ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် အစည်းအဝေးတွင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၉)ခု ၏ တင်ပြချက်များ ကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ