(၆/၂၀၂၄) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၄) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ : ၀၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ် ဝန်ဆောင်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၄) ခုတို့ကို အတည်ပြုပေး ခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ် ဖြင့်အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အရုပ်အမျိုးမျိုး ချုပ်လုပ် ခြင်းလုပ်ငန်း၊ ပြည်တွင်းတွင် ၈၀ % ရောင်းချပြီး ပြည်ပသို့ ၂၀ % တင်ပို့မည့် အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုသော Padding and Quilting များ ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် wearing apparel အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းတို့ ဖြစ်ပါသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာငွေ ကျပ် ၄,၀၂၃.၀၀၀ သန်းနှင့် အမေရိကန်‌ ဒေါ်လာ ၄.၈၄၅ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၃,၀၆၀) ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ထို့အပြင် အစည်းအဝေးတွင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၂)ခု၏ တင်ပြချက်များ ကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ