ဘာကြောင့်ရန်ကုန်မှာရင်းနှီးမြှုပ်နှံမလဲ
သမိုင်းကြောင်း
ရန်ကုန်မြို့ရှိ ထင်ရှားကျော်ကြားသော ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ဆူးလေစေတီတော်၊ ဗိုလ်တထောင်ဘုရားစသည်တို့သည် ဗုဒ္ဓမြတ်စွာဘုရား လက်ထက်တော်ဘီစီ (၆)ရာစုကတည်းက တည်ရှိခဲ့သော ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများဟု အများယုံကြည် လက်ခံခဲ့ကြသည်။ အေဒီ (၁၇၅၅) ကုန်းဘောင်ခေတ်တွင် အလောင်းမင်းတရားက ရန်ကုန်ဟုသမုတ်၍ မြို့တော်တည်ဆောက်ခဲ့ပါသည်။
မြန်မာနိုင်ငံ၏စီးပွားရေးဗဟိုချက်
ရန်ကုန်တိုင်းဒေသကြီး သည် (၃၉၆၇.၈၆၈) စတုရန်းမိုင် ကျယ်ဝန်းပြီး ခရိုင် (၁၄) ခု၊ မြို့ နယ် (၄၅)ခု၊ မြို့ (၃) ခု၊ ရပ်ကွက် (၇၄၃) ခု၊ ကျေးရွာအုပ်စု (၆၂၁) ခု နှင့် ကျေးရွာပေါင်း (၂၁၄၃) ခု တို့ဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဗဟိုချက် ဖြစ်ပြီး ကျေးလက်နှင့် မြို့ပြအင်္ဂါရပ်နှစ်ခုလုံးပေါင်းစည်း ဖြစ်ထွန်းလျက်ရှိပါသည်။ နိုင်ငံတကာနှင့် နိုင်ငံတွင်းရှိ တိုင်း/ပြည်နယ်များ၏ ကုန်သွယ်မှုကို ထောက်ကူ ပေးနိုင်ခြင်း၊ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ မြင့်မားခြင်း၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာရှိခြင်း စသော စီးပွားရေး အခြေခံကောင်းများပေါင်းစည်းဖြစ်ထွန်းလျက်ရှိပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (နှစ်အလိုက်စျေးနှုန်းအရ) တွင် ရန်ကုန်တိုင်းဒေသကြီးသည် ကျပ်သန်း (၃၁,၆၃၀,၉၀၈) ဖြင့် အများဆုံးဖြစ်ပြီး စီးပွားရေး တိုးတက်မှုနှုန်းမှာ ပုံမှန်ဈေးနှုန်းအရ ၄.၈ % တိုးတက်ခဲ့ပါသည်။ရန်ကုန်တိုင်းဒေသကြီး၏ GDP တွင် ကဏ္ဍကြီးအလိုက် စုစုပေါင်း ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတန်ဖိုး၌ လယ်ယာကဏ္ဍကြီးတွင် (၄.၄%)၊ စက်မှုကဏ္ဍကြီး တွင်(၄၉.၇%) နှင့် ဝန်ဆောင်မှုကဏ္ဍကြီးတွင် (၄၅.၉%) ပါဝင်သည့်အတွက် စက်မှုကဏ္ဍကြီးသည် အများဆုံး ပါဝင် လျက်ရှိကြောင်းတွေ့ရှိရပါသည်။လူတစ်ဦးချင်းစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capital GDP ) မှာ နှစ်အလိုက်စျေးနှုန်းအရ ကျပ်(၃,၆၀၈,၁၀၂) ဖြစ်ပေါ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြနှင့် ကျေးလက်ကွာဟမှု မရှိစေဘဲ ဟန်ချက် ညီညီဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင် တစ်ခုဖန်တီး နိုင်ရန်၊ တာဝန်ယူမှုရှိပြီး အရည်အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုရန်၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ပမာဏ သိသာစွာ တိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို အောက်ဖော်အတိုင်းဖော်ပြအပ်ပါသည်-
- လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုနှင့် သွင်းကုန်အစား ထိုးနိုင်ရန်နှင့် ပို့ကုန်မြှင့်တင် နိုင်ရန် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများ၊
- အခြေခံအဆောက်အအုံ၊ဆောက်လုပ်ရေးလုပ်ငန်းများဖွံ့ဖြိုတိုးတက်ရေး လုပ်ငန်း များ၊
- အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊
- ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းများ၊
- အစိမ်းရောင်စီးပွားရေးနှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်း များ၊
ရန်ကုန်တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရှိပြီးသားအရင်းအမြစ်များကိုအခြေခံ၍ ဦးစားပေးမြှင့်တင်မည့် စီးပွားရေးကဏ္ဍများကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည် -
- စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊
- စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုနှင့် သွင်းကုန်အစား ထိုးနိုင်ရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရန် ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်နိုင်မည့် စက်မှုကဏ္ဍ၊
- အသေးစား၊အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်းကဏ္ဍ၊
- ကုန်စည်များကူးသန်းရောင်းဝယ်သယ်ယူပို့ဆောင်ရေးကဏ္ဍ၊
- မြို့ပြသယ်ယူပို့ဆောင်ရေးနှင့်မြို့ပြစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊
- ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ၊
- အစိမ်းရောင်စီးပွားရေးနှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုဆိုင်ရာကဏ္ဍ၊
စိတ်ဝင်စားဖွယ်ရာအချက်အလက်များ
ရန်ကုန်တိုင်းဒေသကြီးတွင် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံပေါင်း (၆၀၀၀) ကျော် ရှိပြီး သပ္ပါယ်လှ သောစေတီပုထိုးများအပါအဝင် ဘာသာရေး အဆောက် အအုံများ၊ ပုဂ္ဂလိကပိုင်အဆောက်အအုံများ၊ဗိသုကာပညာအရ ထူးခြားသော အဆောက်အအုံများကို လေ့လာ နိုင်ပါသည်။ သမိုင်းဝင်လမ်းများအား စူးစမ်းလေ့လာနိုင်ပြီး ရန်ကုန်မြို့ရှိ ဒေသခံများ၏ ဘဝနေထိုင်မှုပုံစံများ၊ မြန်မာတို့၏ ရိုးရာအစားအသောက်များကိုလည်း လေ့လာကြည့်ရှုနိုင် ပါသည်။ပြတိုက်များနှင့် သမိုင်းဝင်နေရာများလည်းရှိသဖြင့် ရိုးရာအစဉ်အလာများကို ကြည့်ရှု လေ့လာ၍ မြန်မာနိုင်ငံ၏ ကြီးကျယ် မြင့်မြတ်သော ယဉ်ကျေးမှုကို နားလည်နိုင်ပါသည်။
၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကိုအခြေခံ၍ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင်ရှိသည့်မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ (၅၅.၃) သန်းဖြစ်ပြီးအဆိုပါနေ့ရက်တွင်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၏ ခန့်မှန်းလူဦးရေစုစုပေါင်းမှာ (၈.၇) သန်းရှိကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှထုတ်ပြန်ထားပါ သည်။ ရန်ကုန်တိုင်းဒေသကြီး၏ ခန့်မှန်းလူဦးရေစုစုပေါင်းအနက် ကျား (၄.၁) သန်း နှင့် မ (၄.၆) သန်းရှိပြီး မ ဦးရေပိုမိုများပြားကြောင်းတွေ့ရှိရပါသည်။ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်း ကီလိုမီတာတွင် ၈၂၅ ဦးခန့်ရှိပါသည်။လူမျိုးပေါင်းစုံ ဘာသာပေါင်း စုံ နေထိုင်ကြပြီး ကချင်၊ ချင်း၊ကယား၊ကရင်၊ဗမာ၊မွန်၊ရခိုင်နှင် ရှမ်းလူမျိုးများကို အများဆုံးတွေ့ရှိရပါသည်။